လျှာမှာဖြစ်တဲ့ ကင်ဆာ
ကင်ဆာရောဂါဟာ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဖြစ်နိုင်သလို လျှာမှာလည်း ဖြစ်နိုင်ပါတယ်။ လျှာမှာ အစိတ်အပိုင်းနှစ်ခု ပါဝင်ပါတယ်။ လျှာထုတ်လိုက်တဲ့အခါ မြင်ရတဲ့ လျှာရဲ့သုံးပုံနှစ်ပုံခန့်ရှိတဲ့ ပါးစပ်ထဲက အရှေ့ပိုင်းနဲ့ လည်ချောင်းနားမှာရှိတဲ့ ကျန်သုံးပုံတစ်ပုံခန့် ရှိတဲ့ လျှာအရင်းပိုင်း တို့ပါ။ ကင်ဆာဟာ ထိုအစိတ်အပိုင်း နှစ်ခုလုံးမှာ ဖြစ်နိုင်ပါတယ်။
လျှာကင်ဆာရဲ့ ရောဂါလက္ခဏာတွေ…
- လျှာပေါ်မှာ အနီကွက် သို့မဟုတ် အဖြူကွက်ပေါ်နေပြီး မပျောက်တာ
- လျှာမှာ အနာ သို့မဟုတ် အဖုပေါက်နေပြီး မပျောက်တာ
- လည်ချောင်းနာပြီး ဘာလုပ်လုပ် မသက်သာတာ
- ပါးစပ်ထဲမှာ ထုံထုံကြီး တောက်လျှောက်ဖြစ်နေတာ
- လျှာက နာနေတာ သို့မဟုတ် ပူနေတာ
- လျှာကို လှုပ်ရှားရခက်တာ၊ စကားပြောရခက်တာ၊ အသံဝင် အသံသြလာတာ
- လျှာကနေ အကြောင်းပြချက်မရှိ သွေးထွက်နေတာ
- မျိုချရင်နာတာ
- လည်ပင်းမှာ အကျိတ်ပေါ်လာတာ
- နားထဲက နာတာ (အဖြစ်နည်း) တွေ ဖြစ်နိုင်ပါတယ်။
ဘယ်လိုလူတွေမှာ အဖြစ်များလဲ?
- ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲသူတွေ
- ကွမ်းစားတဲ့သူတွေ
- အရက်ကို အလွန်အကျွံ အမြဲသောက်သူတွေ
- ချွန်ထက်တဲ့ သွားရှိသူတွေ
- Human Papilloma Virus (HPV) ကူးစက်ခံရသူတွေမှာ အဖြစ်များပါတယ်။ HPV ကူးစက်ခံရတဲ့သူ အများစုဟာ ရောဂါလက္ခဏာ မပြဘဲ သူ့အလိုလို ပျောက်ကင်းသွားနိုင်ပေမယ့် တချို့သူတွေမှာတော့ လျှာနဲ့ခံတွင်းကင်ဆာ ဖြစ်စေနိုင်ပါတယ်။
လျှာကင်ဆာလို့ သံသယရှိစရာ ရောဂါလက္ခဏာတွေ ပေါ်လာရင် ထုံဆေးဖြန်းပြီး နှာခေါင်းကနေ မှန်ပြောင်းထည့်ပြီး ကြည့်တာ (Nasoendoscope) လုပ်လို့ရပါတယ်။ လျှာကင်ဆာမှန်း သေသေချာချာသိနိုင်ဖို့ အတွက်ဆိုရင်တော့ လျှာကနေ အသားစယူပြီး ဓာတ်ခွဲစစ်ဆေးဖို့ လိုပါတယ်။
CT, MRI, PET CT Scan နဲ့ Ultrasound ရိုက်တာ၊ သွေးဖောက်စစ်ဆေးတာတွေလည်း လုပ်ဖို့ လိုအပ်နိုင်ပါတယ်။
ကုသမှုဟာ ကင်ဆာရောဂါရဲ့ အဆင့်၊ ဖြစ်တဲ့ အစိတ်အပိုင်းနဲ့ အထွေထွေကျန်းမာရေး အခြေအနေတွေပေါ် မူတည်ပါတယ်။
အစောပိုင်းအဆင့်…
ကင်ဆာက လျှာပေါ်မှာပဲ ရှိပြီး အရွယ်အစားက 4 cm ထက်ငယ်တဲ့ အစောပိုင်းအဆင့် ဆိုရင် ကင်ဆာဖြစ်တဲ့ အစိတ်အပိုင်းကို ခွဲစိတ်ဖြတ်ထုတ်လေ့ ရှိပါတယ်။ မခွဲခင်ဖြစ်စေ၊ ခွဲပြီးမှဖြစ်စေ ဓာတ်ရောင်ခြည်ပေးပြီး တွဲဖက်ကုသပါတယ်။
လျှာပေါ်မှာပဲဖြစ်ပေမယ့် ပြင်းထန်တဲ့အဆင့်နဲ့ တခြားအစိတ်အပိုင်းတွေဆီ ပျံ့နှံ့သွားတဲ့အဆင့်…
ကင်ဆာအရွယ်အစားက 4 cm ထက်ကျော်တာ သို့မဟုတ် တခြားတစ်ရှူးတွေနဲ့ ပြန်ရည်ဂလင်းတွေကို ပျံ့နှံ့သွားတာ ဆိုရင် ရောဂါအခြေအနေနဲ့ လူနာရဲ့ အခြေအနေပေါ် မူတည်ပြီး
- ကင်ဆာဆေးသွင်းခြင်းနဲ့ ဓာတ်ရောင်ခြည်ပေးခြင်းကို တွဲဖက်ကုသတာ၊
- ခွဲစိတ်ဖြတ်ထုတ်ပြီးမှ ဓာတ်ရောင်ခြည်ပေးတာနဲ့ ကင်ဆာဆေးသွင်းတာ၊
- Targeted and Immunotherapy Drugs လို့ခေါ်တဲ့ ကိုယ်ခံအားကောင်းပြီး ကင်ဆာဆဲလ်တွေကို ပြန်လည်တိုက်ထုတ်မယ့် ဆေးတွေပေးတာ စသဖြင့် လိုအပ်သလို ကုသလေ့ ရှိပါတယ်။
အစောပိုင်းအဆင့်မှာ သိပြီး အချိန်မီ ကုသမှုရခဲ့ရင် ၅ နှစ်ကျော်တဲ့အထိ အသက်ရှင်နိုင်နှုန်း ၈၅% ခန့်ရှိပြီး တခြားနေရာတွေကို ပျံ့နှံ့သွားရင်တော့ ၄၀% ခန့်သာ ရှိလို့ သံသယဖြစ်စရာ ရောဂါလက္ခဏာတွေ ရှိခဲ့ရင် အမြန်ဆုံး စစ်ဆေးပြီး အချိန်မီကုသမှု ခံယူကြဖို့ သတိပေးပါရစေ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်